Friday, November 25, 2011

Welacome to MonMusic(www.raynut.com)

www.raynut.com
သူငယ်ချင်းတွေ အားလုံးအတွက် ၀က်ဆိုဒ်အသစ် တစ်ခုပါ။  အကြောင်းကြောင်းကြောင့် MonSongs မှာမတင်ဖြစ်တဲ့သီချင်းတွေနောက်ထပ်သီချင်းအသစ်များကြီးတွေကိုလဲMon Music မှာပဲတင်တော့မှာပါ။ ကျွန်တော့်ရဲ့ဝက်ဆိုဒ်အသစ်ကိုလာလည်ကြပါလို့ဖိတ်ခေါ်ပါရစေ။
                                                                                 ရာမန်ဆာန်

Sunday, April 24, 2011

အန်တီစုရဲ့ Diary

ကျေးငှက်သံလေးတွေ စိုးစီစိုးစီနဲ့ အရုဏ်ဦးက စတင်အသက်ဝင်လာခဲ့ပြီ
ငါ့မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ဟလို့ မျက်နှာကြက်ကို မော့ကြည့်မိတယ်.
ဩော်…
ဒီနေ့ ငါ့မွေးနေ့ပဲလေ…

ငါဘာလုပ်ရင်ကောင်းမလဲ
ငါ့ဘေးနားမှာ ငါ့ကို ချစ်တဲ့ငါ့ဖေဖေမရှိတော့တာလည်း ကြာပါပြီ.
ငါ့ကို သွန်သင်ဆုံးမပေးတတ်တဲ ငါ့မေမေမျက်ကွယ်ပြုသွားခဲ့တာလည်း
၁၉ နှစ်တောင် ရှိရော့ပေါ့
ငါ့ကို အနစ်နာခံ အလိုလိုက်တတ်တဲ့ ငါ့ခင်ပွန်းလည်း မရှိရှာတော့ဘူး
ငါသိပ်ချစ်တဲ့ ငါ့သားနှစ်ယောက်လည်း ငါနဲ့ ဝေးကွာခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး.
ငါ့မွေးနေ့မှာ ငါ့ရဲ့အရင်းနှီးဆုံးသွေးသားရင်းချာတွေကို ငါ့နားမှာ
ရှိစေချင်လိုက်တာ
ငါလည်း သွေးနဲ့ကိုယ်သားနဲ့ကိုယ်ပဲလေ.
ငါ့စိတ်ဓာတ်ကိုမာကျောတည်ငြိမ်အောင် ထိန်းကျောင်းပြုပြင်ခဲ့ပေမယ့်လည်း
အခွင့်သာရင်တော့
ငါ့သားလေးနှစ်ယောက်ကို ငါ့နားမှာ ရှိစေချင်လိုက်တာ.
အမေ့ရင်တွေနာလိုက်တာ သားတို့ရယ်…
ဘယ်တော့များမှ အခွင့်သာမှာလည်းဟင်…

တကယ်တော့ ဒီလိုနေ့မျိုးဟာ လူတစ်ယောက်အတွက် အထိမ်းအမှတ်နေ့တစ်ခုပါ.
လူတိုင်းဟာ သူတို့မွေးနေ့ကို တန်ဖိုးထားအမှတ်ရနေပြီး အထူးတလည်ကျင်းပတတ်ကြတာပဲ
ငါလည်း ငါ့မွေးနေ့ပေါင်းများစွာကို ကျင်းပခဲ့ဖူးတာပေါ့.
အိန္ဒိယမှာ ငါချစ်တဲ့ ငါ့မေမေနဲ့အတူတူ
အောက်စဖို့မှာ ငါချစ်တဲ့ ငါ့သူငယ်ချင်းတွေနဲ့အတူတူ
အမေရိကန်မှာ ငါ့ရဲ့ ချစ်သူငယ်ချင်း မသန်းအိတို့နဲ့အတူတူ
ဘူတန်မှာ ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ
အင်္ဂလန်မှာ ငါချစ်တဲ့ ငါ့မိသားစုနဲ့အတူတူ

အို….
ငါသိပ်လွမ်းတယ်သိလား…
ဒါတွေကို မဖြစ်နိုင်ပေမယ့်လည်း ငါတမ်းတမိနေတာ ၀န်ခံပါရစေ…

ငါ့ရဲ့ဘ၀ဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်လျှမ်းခဲ့တာပါ.
ငါ့ကိုမွေးပြီး နှစ်နှစ်အကြာမှာပဲ ငါသိပ်ချစ်တဲ့ ငါ့ဖေဖေကို မလိုသူတွေက
လုပ်ကြံသတ်ဖြတ်ခဲ့ကြတယ်.
အဲဒီ့နေ့က ရုံးကားကြီးတစ်စင်း အိမ်ရှေ့ကို ထိုးရပ်လာလို့
မေမေ့ကို လူတစ်ယောက်က အပြေးလာခေါ်လို့
မေမေ ဆံပင်ဖရိုဖရဲနဲ့ ပြေးလိုက်သွားလို့
ငါ့နဲ့ ငါ့အစ်ကိုတွေကို အိမ်မှာထားခဲ့လို့
အိမ်မှာ လူတွေများလာလို့
အို…
ဘာတွေမှန်းတော့ ငါမသိခဲ့ဘူး
ငါ့ကို ထွေးဖက်ထားတဲ့ ငါတို့အိမ်ဖော်မကြီးမှာလည်း မျက်ရည်တွေဝဲနေလို့ပါလား
ငါဘာမှနားမလည်ခဲ့ဘူး
အဲဒီ့နေ့က ငါတစ်ခုကိုတော့ မှတ်မိနေတယ်.
ညနေခင်းပြန်လာရင် ငါ့ကို အမြဲနမ်းရှုပ်ကျီစယ်တတ်တဲ့
ငါချစ်တဲ့ ငါ့ဖေဖေ
အဲဒီ့နေ့က ပြန်မလာခဲ့ဘူး
မျှော်လိုက်ရတာ ဖေဖေရယ်..

နောက်ရက်တွေမှာ ငါတို့အိမ်မှာ လူတွေစည်ကားနေတယ်.
ငါတို့ မောင်နှမသုံးယောက်ကို မေမေက ထွေးဖက်ထားလို့ သူ့အနားမှာ နေနေစေတယ်.
လာတဲ့လူတိုင်းက မေမေ့ကို စကားတွေလာပြောကြတယ်.
အမျိုးသမီးကြီးတွေက မေမေ့ကို လာပြီး အားပေးကြတယ်.
ငါတို့ မောင်နှမ သုံးယောက်ကို ကြည့်နေတဲ့ မျက်ဝန်းတွေမှာ
ကရုဏာငွေ့တွေ ယှက်သန်းနေခဲ့တယ်
ငါသိပ်တော့ မမှတ်မိခဲ့ပါဘူး
ငါသိတာတော့ အဲဒီ့နေ့က ဖေဖေ့ကို ငါသိပ်လွမ်းနေခဲ့တယ်…
ဖေဖေရယ်..
ဘာလို့ သမီးတို့ကို ထားခဲ့တာလဲဟင်…
ဖေဖေပျောက်ဆုံးသွားတဲ့ သမီးတို့ အိမ်ကြီးမှာ ခြောက်ကပ်သွားတာပဲ.
သမီးတို့ရှေ့မှာ တည်ငြိမ်စွာနေတတ်ပေမယ့် ညအိပ်ရင် သမီးတို့ မသိအောင်
ကြိတ်ငိုနေတဲ့ မေ့မေ့ရဲ့ ရှိုက်သံတွေက သမီးရဲ့ ညပေါင်းများစွာကို
လွှမ်းမိုးနေခဲ့တယ်
ဖေဖေ တကယ်ပြန်မလာခဲ့တော့ဘူးနော်…

၁၉၆၀ ခုနှစ်

မေမေ့လက်ထဲမှာ ရုံးစာအိတ်ကြီးတစ်ခုကိုင်ထားတယ်.
အိမ်ကလူတွေကို ပစ္စည်းတွေလိုက်သိမ်းခိုင်းနေတာလည်း ငါမှတ်မိတယ်.
ဘာလုပ်နေကြတာလဲ မေမေရယ်လို့ မေးတော့
မေမေက တည်ငြိမ်တဲ့မျက်ဝန်းတွေနဲ့ငါ့ကို ငုံ့ကြည့်ပြီး ချိုမြတဲ့လေသံလေးနဲ့
ပြောတယ်.
ငါ့ခေါင်းလေးပေါ်မှာ မေမေက သူ့လက်ကလေးကိုတင်ထားလို့ပေါ့

မေမေတို့ပြောင်းရတော့မယ် သမီးလေး..
ဘယ်ကိုလဲဟင်..
နယူးဒေလီကို
ဘယ်မှာလဲဟင်
နိုင်ငံခြားမှာပေါ့ သမီးလေးရဲ့
မေမေက ဘာသွားလုပ်မှာလဲဟင်
ဩော်. မေမေ့ကို သံအမတ်ကြီးခန့်လိုက်တယ်. မေမေအဲဒီ့မှာ သွားနေရမှာ. သမီးတို့လည်း
လိုက်ခဲ့ရမှာလေ.
သံအမတ်ကြီးဆိုတာ ဘာလဲဟင် မေမေ.
ဟင်းဟင်းဟင်း…
ငါ့သမီးလေးက သိပ်အမေးအမြန်းထူတာပဲ. သံအမတ်ကြီးဆိုတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ
အကြားမှာ အဆင်ပြေအောင် စကားတွေ ပြောပေးတဲ့ လူကြီးပေါ့. ခုဆို မေမေက
အဲဒီ့နိုင်ငံကြီးနဲ့ ခုသမီးနေနေတဲ့ မြန်မာပြည်ကြီး အဆင်ပြေအောင် စကားတွေ
သွားပြောပေးရမှာလေ.

ဘာစကားတွေ ပြောရမှာလဲဟင် မေမေ.
သမီးလေးကြီးတော့ သိလာမှာပေါ့ကွယ်. ခုလောလောဆယ် သမီးချစ်တဲ့ သူငယ်ချင်းတွေကို
လိုက်နှုတ်ဆက်လိုက်ဦးနော်. မနက်ဖြန်ညကျရင် မေမေ့သားသမီးလေးတွေနဲ့
သူငယ်ချင်းလေးတွေ နှုတ်ဆက်ပွဲလေးလုပ်ပေးမယ်နော်. သမီးလေးကြိုက်တဲ့ မုန့်တွေ
ဝယ်ထားပေးမယ်.

ငါ့မျက်နှာမှာ အပြုံးပန်းလေးတွေ ဝေဖြာလို့ ငါချစ်တဲ့ မေမေရဲ့ ရင်ခွင်ထဲကို
ပြေးဝင်ခဲ့တယ်.
မေမေက သိပ်တော်တာပဲနော်.
ငါ့လို အရွယ်လေးကို နားလည်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းလင်းပြောပြခဲ့တယ်
မေမေ့ကို ခုချိန်ထိ သမီးသတိရနေတုန်းပါပဲ မေမေရယ်…
မေမေသွန်သင်ပေးခဲ့တဲ့၊ ချမှတ်ပေးခဲ့တဲ့ စည်းကမ်းတွေ၊ လူမှုကျင့်ဝတ်တွေကို
စံနမူနာထားလို့
သမီးရဲ့ ဘ၀ခရီးတလျှောက်မှာ အောင်ပွဲတွေ အလီလီ ဆွတ်ခူးနိုင်ခဲ့ပါတယ်လေ…

၁၉၆၄ ခုနှစ်

ငါပျော်လိုက်တာ…
အောက်စဖို့ တက္ကသိုလ်ကို ငါဝင်ခွင့်ရတယ်.
ကျောင်းဝင်ခွင့်စာရွက်လေးကို ကိုင်လို့ မေမေ့ဆီကို ငါပြေးသွားခဲ့တယ်.
မေမေက ငါ့ကို ဆီးကြိုပွေ့ဖက်လို့ ငါ့ပါးပြင်ပေါ်မှာ အနမ်းလေးတွေ ခြွေခဲ့တယ်.
I'm proud of you, honey! လို့
ငါ့မျက်နှာကို ရွှမ်းရွှမ်းစားစား စိုက်ကြည့်ရင်း ပြောလိုက်တဲ့
မေမေ့မျက်ဝန်းတွေကို ငါမက်မောလိုက်တာ…
မေမေက စကားတွေ အများကြီး မပြောခဲ့ပါဘူး.
ဒါပေမယ့် မေမေငါ့အတွက် သိပ်ကို ဂုဏ်ယူပျော်ရွှင်နေခဲ့တယ်ဆိုတာ ငါသိနေတယ်.
အဲဒီ့ညက ငါတို့အိမ်မှာ ပါတီလုပ်ခဲ့ ကြတယ်.
အမှတ်တရဓာတ်ပုံတွေ ရိုက်လို့
သီချင်းတွေကို တစ်ယောက်တစ်ပေါက် သီဆိုကြလို့
ဓာတ်ပြားတစ်ချပ်ကိုဖွင့်ပြီး အတူတူကခုန်ကြလို့
ပြန်တွေးလိုက်တိုင်း ကြည်နူးစရာပုံရိပ်လေးတွေ ထင်ကျန်နေဆဲပါပဲလေ…

အောက်စဖို့တက္ကသိုလ်ကို တက်ဖို့ ငါထွက်ခဲ့ရပြီ
လေဆိပ်ကို မေမေနဲ့ ငါ့သူငယ်ချင်းတွေက လိုက်ပို့တယ်.
Departure Gate ထဲမ၀င်မီ မေမေက ငါ့ကို တင်းတင်းကြပ်ကြပ်ဖက်နမ်းပြီး
စကားတစ်ခွန်းပြောတယ်.
I believe in you! တဲ့.
ငါကြက်သီးတွေတောင်ထသွားခဲ့တယ်.
မေမေ၀မ်းနည်းနေတာ ငါသိတယ်.
ဒါပေမယ့် မေမေမငိုခဲ့ဘူး
လေယာဉ်ပေါ်မှာ ငါငိုနေခဲ့မိတယ်.
ငါဝမ်းနည်းလို့တော့ မဟုတ်ခဲ့ဘူး
ငါ့ကိုယုံကြည်တဲ့ ငါချစ်တဲ့ ငါ့မေမေအတွက်
ဝင်ခွင့်သိပ်ခက်ခဲတဲ့ ဒီတက္ကသိုလ်ကို ငါဝင်ခွင့်ရခဲ့တဲ့အတွက်
ဖတဆိုးသမီးတစ်ယောက်ဖြစ်ပေမယ့် အများနဲ့မတူအောင် ကြိုးစားခဲ့တဲ့
ငါ့ဘ၀ရဲ့ အောင်မြင်မှု ပထမခြေလှမ်းသစ်အတွက်
ငါဂုဏ်ယူနေလို့ပါ
ငါပျော်နေလို့ပါ
ငါပီတိဖြစ်နေလို့ပါ

တက္ကသိုလ်မှာ ငါအကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်
ငါ့ရဲ့ Host Parents တွေက Lord Gore-Booth တို့မိသားစုပဲ.
သူက ငါတို့မြန်မာပြည်မှာ သံအမတ်ကြီးလာလုပ်သွားဖူးတယ်
သူ့အိမ်မှာပဲ ငါ့ရဲ့ အနာဂတ်ခင်ပွန်းလောင်း မိုက်ကယ့်ကို စတွေ့ပြီး
ရင်းနှီးခဲ့ရတယ်.
သူက တိဗက်လူမျိုးတွေအကြောင်းလေ့လာနေတဲ့ ကျောင်းသားတစ်ယောက်ပဲလေ.
တည်ငြိမ်ရင့်ကျက်တဲ့ အတွေးအခေါ်တွေကို ပိုင်ဆိုင်တဲ့ ထက်မြက်တဲ့
ယောင်္ကျားကောင်းတစ်ယောက်ပါပဲ…

၁၉၆၉ ခုနှစ်

နယူးယောက်မြို့ကို ငါထွက်လာခဲ့တယ်.
ဘွဲ့လွန်သင်တန်းတက်ဖို့ပေါ့
မသန်းအိတို့အိမ်မှာ ငါနေခဲ့တယ်.
သူက ကုလသမဂ္ဂမှာ အလုပ်လုပ်နေတာလေ
*အဲဒီ့အချိန်တုန်းက ဦးသန့်က အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်နေတယ်.
ငါ့နိုင်ငံသားတွေအတွက် ဂုဏ်ယူလိုက်ရတာ*
မသန်းအိက ငါ့ကို အလုပ်လျှောက်ဖို့တိုက်တွန်းတာနဲ့ လျှောက်လွှာတင်ခဲ့တယ်
ငါအလုပ်ရခဲ့တယ်.
Administrative and Budgetary Questions မှာ Assistant Secretary အဖြစ်နဲ့ပေါ့.
ကျောင်းတက်နေတာကို ငါခဏနားပြီးတော့ အလုပ်ကို အချိန်ပြည့်လုပ်ခဲ့တယ်
မဟုတ်ရင် ဘယ်အရာကိုမှ အာရုံစိုက်နိုင်မှာ မဟုတ်ဘူးလေ.
ညနေရုံးဆင်းချိန်တွေနဲ့
စနေ၊ တနင်္ဂနွေတွေမှာ ဆေးရုံတစ်ခုမှာ Volunteer
ဝင်လုပ်ခဲ့တယ်
ဆင်းရဲတဲ့ လူနာတွေကို စာဖတ်ရာမှာ ကူညီနိုင်ဖို့နဲ့ အဖော်အဖြစ် နေပေးဖို့ပေါ့
ငါ့အချိန်တွေ ကျပ်တည်းခဲ့ပေမယ့် အဲဒီလူနာတွေအတွက် ရအောင်အချိန်ပေးခဲ့တယ်.
ငါ့ရဲ့တန်ဖိုးတွေက ဘာလဲဆိုတာကို တစ်ချိန်တည်းမှာ ငါတွေ့ရှိခဲ့တယ်.
နယူးယောက်မှာ နေခဲ့ရတဲ့ အချိန်က ၂ နှစ်ထဲရယ်ပါ.
ဒါပေမယ့် ငါအများကြီး ရင့်ကျက်ပြောင်းလဲခဲ့တယ်..

၁၉၇၂ ခုနှစ်

မိုက်နဲ့ ငါလက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်.
သူနဲ့အတူတူ ဘူတန်ကိုထွက်ခွာခဲ့တယ်.
မိုက်က ဘူတန်ဘုရင်မိသားစုဝင်တွေကို စာသင်ပေးနေတဲ့အချိန်မှာ
ငါကတော့ တော်ဝင်နိုင်ငံခြားရေးရာဌာနမှာ
Research Officer အဖြစ်ဝင်လုပ်ခဲ့တယ်.
ဟိမ၀န္တာတောင်ပြာတန်းကြီးတွေရဲ့ အရိပ်အောက်မှာ
ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ ငါမြတ်နိုးတဲ့ အများအကျိုးပြုလုပ်ငန်းတွေကို
လုပ်ဆောင်ခွင့်ရခဲ့တယ်.
အဲဒီ အချိန်တွေကို ငါအမြဲတမ်းသတိရနေမှာပါ…

မိုက်ကိုတော့ ငါလက်မထပ်ခင်က prenuptial agreement တစ်ခုတောင်းခဲ့တယ်.
ငါ့ကို ငါ့တိုင်းပြည်က လိုအပ်လာရင် အချိန်မရွေး သွားရောက်ကူညီခွင့်ပြုပါလို့..
သူက ငါ့ကို နားလည်မှုရှိတဲ့အပြုံးနဲ့ ခေါင်းညိတ်ပြခဲ့တယ်လေ.
ငါ့ကို သိပ်နားလည်မှုရှိတဲ့သူကို ငါ့ဘ၀ရဲ့ ခင်ပွန်းလောင်းအဖြစ်ရွေးချယ်ခဲ့တာ
ငါ့ရဲ့ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပဲ မဟုတ်ဘူးလား
မေမေ့ကိုတော့ ငါတိုင်ပင်ခဲ့ပါသေးတယ်
မေမေကတော့ ထုံးစံအတိုင်းပဲပေါ့
I trust you… တဲ့
တကယ်တော့ ဒီနေ့အချိန်အထိ ငါ့စိတ်ဓာတ်တွေ မြဲမြဲခိုင်မာစွာနဲ့
ငါ့ရဲ့ အဖျက်အင်အားစုတွေကို ကြံ့ကြံ့ခံနေနိုင်သေးတာ
ငါ့နှလုံးအိမ်ထဲကို လောင်းချခဲ့တဲ့ မေမေ့ရဲ့ သံမဏိစိတ်ဓာတ်တွေကြောင့်ပဲလေ…
ငါဘယ်တော့မှ ဦးကျိုးသွားမှာ မဟုတ်ဘူး…


၁၉၇၃ ခုနှစ်

အင်္ဂလန်ကို ငါပြန်လာခဲ့တယ်.
ငါ့ဘ၀မှာ ဘာနဲ့မှမတူတဲ့ ခံစားမှုတစ်ရပ်ကို ငါခံစားလိုက်ရတယ်သိလား
အဲလက်စ်ကို ငါမွေးခဲ့တယ်.

ငါမိခင်တစ်ယောက်ဖြစ်ခဲ့ပြီပဲ..
အဲဒီနေ့က မေမေနဲ့ ငါစကားအကြာကြီးပြောဖြစ်တယ်.
မေမေရယ်လေ.
ငါ့ကို စကားတွေ တတွတ်တွတ်နဲ့ မှာနေလိုက်တာ မပြီးတော့ဘူး
မေမေက ရယ်စရာတွေလည်း ပြောလိုက်သေးတယ်
ငါ့မှာ ရယ်လိုက်ရတာ ချောင်းတောင်သီးတယ်
မိုက်ကငါ့ဘေးနားမှာရှိနေခဲ့တယ်လေ…

၁၉၇၄ ခုနှစ်

မိုက်ကယ်အလုပ်ရတယ်.
အောက်စဖို့တက္ကသိုလ်ရဲ့ တိဗက်ဘာသာစကားဌာနမှာပေါ့

၁၉၇၇ ခုနှစ်

ကင်မ်ကို မွေးတယ်. ငါ့ရဲ့ ဒုတိယသားလေးပေါ့
ခုဆိုငါလည်း ကလေးတွေနဲ့ အိမ်ထောင်ရှင်မကြီးကို လုံးလုံးဖြစ်နေပြီလေ
ဒါပေမယ့် ငါ့ရဲ့ လေ့လာမှုကိုတော့ ငါမလျှော့သေးဘူး
ကလေးတွေကို ပြုစုပျိုးထောင်ရင်းနဲ့ ငါစာတွေရေးဖြစ်ခဲ့တယ်
ဖေဖေ့ရဲ့ အတ္ထုပတ္တိနဲ့ Asian Studies စာတမ်းတစ်ချို့ပေါ့
မိုက်ကိုလည်း သူလေ့လာနေတဲ့ Himalayan Studies တွေနဲ့ ပတ်သက်ပြီး ငါကူညီခဲ့တယ်.

၁၉၈၅ ခုနှစ်

*ကျိုတိုတက္ကသိုလ်မှာ Visiting Scholar အနေနဲ့ ဖေဖေ့ရဲ့ ဂျပန်ပြည်မှာ
လုပ်ဆောင်ချက်တွေကို စာတမ်းပြုစုခဲ့တယ်.*
ငါကျေနပ်အားရဂုဏ်ယူမိပါတယ်.
ငါချစ်တဲ့ ငါ့ဖေဖေအတွက် ကျေးဇူးပြန်ဆပ်နိုင်တာ ဒီတစ်နည်းပဲ ရှိတော့လို့ပါ.

*၁၉၈၆ ခုနှစ်*

ကလေးတွေကို ခေါ်ပြီး ရန်ကုန်ကိုအလည်သွားခဲ့တယ်.
အဖွားဖြစ်သူနဲ့ တွေ့ပေးရအောင်ပေါ့
*ရန်ကုန်ကိုရောက်တုန်း ကလေးနှစ်ယောက်လုံးကို သာသနာ့ဘောင်တက်စေခဲ့တယ်
ကြည်နူးလိုက်တာ.*
ရေစက်ချနေတဲ့ ငါ့လက်တွေ တုန်နေခဲ့တယ်.
မေမေ့မျက်နှာမှာ အပြုံးတွေ လင်းလက်နေခဲ့တယ်.
ငါ ရဟန်းဒါယိကာမ ဖြစ်ခဲ့ပြီလေ..



*၁၉၈၇ ခုနှစ်*

ကလေးတွေနဲ့အတူတူ အိန္ဒိယနိုင်ငံ ဆင်းမလားပြည်နယ်ကို သွားခဲ့တယ်
မိုက်က စာတမ်းတွေ ပြုစုနေခဲ့တယ်.
အင်္ဂလန်ကိုလည်း ငါခဏပြန်ခဲ့သေးတယ်.
မေမေ့ကို ဆေးရုံတင်ထားတာကို သွားပြီး စောင့်ရှောက်ဖို့ပေါ့.
စက်တင်ဘာလထဲမှာ ငါတို့မိသားစုတွေအားလုံး အောက်စဖို့ကို ပြန်လာခဲ့ကြတယ်.
ငါ့ရဲ့ Advanced Degree အတွက်
London School of Oriental and African Studies မှာ
စာရင်းပေးခဲ့တယ်

*၁၉၈၈ ခုနှစ် မတ် ၃၁*

တယ်လီဖုန်းသံမြည်လာခဲ့တယ်.
ခါတိုင်းလိုပဲ ကောက်ကိုင်လိုက်ခဲ့တယ်
ဒါပေမယ့် ကြားလိုက်ရတဲ့ သတင်းကတော့ ခါတိုင်းလို မဟုတ်ခဲ့ဘူး
မေမေလေဖြတ်သွားတယ်တဲ့
နောက်တစ်နေ့မှာပဲ လေယာဉ်နဲ့ ရန်ကုန်ကို ငါထွက်ခွာခဲ့တယ်
ရောက်ရောက်ချင်းပဲ မေမေရှိနေတဲ့ ဆေးရုံကို အပြေးသွားခဲ့တယ်.
မေမေရယ်…
မှတ်တောင် မမှတ်မိတော့ဘူး
မေမေခံစားနေရတဲ့ ဝေဒနာကို ငါလဲယူလို့ရနိုင်မယ်ဆိုရင် ယူပစ်ချင်လိုက်တာ..
ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ မေမေ
ငါ့ကို ကြိုးစားပြုံးပြနေတဲ့မေမေ
တော်တော်ကိုပြောင်းလဲသွားခဲ့တာပဲနော်…

*ရန်ကုန်မြို့ကြီးမှာ နိုင်ငံရေးတွေ စတင်ရှုပ်ထွေးနေတယ်.
အမြင်မတော်စရာတွေ၊ စိတ်တိုင်းမကျစရာတွေနဲ့ ပြည့်နှက်နေတယ်*
*၈ ရက် ၈ လ ၁၉၈၈ မှာ တစ်နိုင်ငံလုံး အရေးတော်ပုံ ဆင်နွှဲခဲ့ကြတယ်.
စစ်အာဏာရှင်ရဲ့ သေနတ်သံများကြားမှာ
ရဟန်းရှင်လူပြည်သူအများ သွေးမြေကျခဲ့ရတယ်.*
*သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူးတဲ့
တစ်နိုင်ငံလုံးကို သေနတ်ကြိမ်းကြိမ်းသွားခဲ့တယ်*
ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖသခင်ကိုယ်တော်မှိုင်းရယ်…

*စက်တင်ဘာ ၁၈ ရက်*
စစ်တပ်က အာဏာသိမ်းလိုက်ပြီတဲ့
ငါဘာလုပ်ရမလဲ
ဒီအချိန်မှာ ဒါတွေကို ငါမသိချင်ယောင်ဆောင်ပြီး အင်္ဂလန်ကို ပြန်သွားမလား
ဒါဆိုရင်တော့ ငါ့မိသားစုနဲ့အတူတူ အသိုက်အမြုံမပျက်
ငြိမ်းငြိမ်းချမ်းချမ်းနေလို့ရတယ်.
ဒါပေမယ့် သေချာတယ်
ငါလိပ်ပြာမလုံဘူး

ငါ့ကိုယ်ထဲမှာ အာဇာနည်သွေးတွေ စီးဆင်းနေတယ်.
သူတို့ကို ငါရှက်တယ်.
ငါမပြန်ဘူး
ငါဒီမှာနေမယ်
ငါ့တိုင်းပြည် ငါ့လူမျိုးအတွက် ငါ့ရဲ့ပေးဆပ်မှု အခန်းကဏ္ဍ စတင်ခဲ့ပြီ
သူတို့ ငါ့ကိုလိုအပ်နေပြီလို့ ငါခံစားရတယ်.
ဟုတ်တယ်
ငိုကြွေးနေတဲ့ ပြည်သူတွေကို ငါမျက်ကွယ်မပြုနိုင်ဘူး
ငါဒီမှာနေမယ်
ငါမပြန်တော့ဘူး
ငါချစ်တဲ့ ငါ့ ပြည်သူတွေအတွက်၊ ငါချစ်တဲ့ ငါ့နိုင်ငံတော်အတွက်၊ ငါချစ်တဲ့
ငါ့ဖေဖေအတွက်
*ငါမြန်မာပြည်မှာ နေပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖယ်ရှားမယ်.*
လူတိုင်းကိုယ့်အခွင့်အရေးကို ကိုယ်လွတ်လပ်စွာဖန်တီးယူနိုင်အောင် ငါကြိုးစားမယ်
ဟုတ်တယ်
ဒါငါပဲ.

NLD ကို စက်တင်ဘာ ၂၄ ရက်နေ့မှာ စတည်ထောင်တယ်.
အထွေထွေအတွင်းရေးမှူးအနေနဲ့ ငါပါဝင်လှုပ်ရှားတယ်
ဂန္ဒီရဲ့ အဟိံသလမ်းစဉ်ကို ငါစွဲမြဲစွာ ယုံကြည်ခဲ့တယ်လေ
ဒါကို ငါအသုံးချခဲ့တယ်
*စစ်ဘီလူးရဲ့ မျက်နှာဖုံးကို အကြမ်းမဖက် အနုနည်းနဲ့ ခွာချပြနိုင်ခဲ့တယ်.*
ငါ့ကိုအသေတောင်ပစ်သတ်တော့မလို့တဲ့
သေနတ်ပြောင်းတွေနဲ့ ချိန်ထားလိုက်ကြတာ
တည်ငြိမ်စွာနဲ့ သူတို့ဆီကို ဦးတည်ပြီးလှမ်းလျှောက်ခဲ့တယ်

င့ါရင်ထဲက ခိုင်ကျည်တဲ့ သစ္စာတရားနဲ့ ဖြောင့်မှန်တဲ့ မေတ္တာဓာတ်ကို
သူတို့ မလွှမ်းမိုးနိုင်ပါဘူးလေ.
သူတို့ကြားထဲက ဖြတ်လျှောက်သွားတဲ့ ငါ့ကို
လူထုကြီးက "ဟေးးးးးးးးးးးးးးးးးးးးးးး"
ဆိုပြီး
တခဲနက်အားပေးလိုက်ကြတာ
ငါ့မှာ ကြက်သီးတွေတောင်ထလို့…

*၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်

မေမေဒေါ်ခင်ကြည် အနိစ္စရောက်ခဲ့ပြီ..*
ကောင်းရာသုဂတိလားပါစေ မေမေရယ်..
မေမေ့အသက် ၇၆ နှစ်ထိ အများအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့တဲ့ မေမေ့အတွက်
*ကောင်းကင်ဘုံက *လက်ကမ်းကြိုဆိုနေမယ်လို့ သမီးခိုင်မာစွာယုံကြည်နေပါတယ်.

*၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီ ၂ ရက်
မေမေ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ကြတဲ့ ပြည်သူတွေ မနည်းဘူးမေမေရယ်.*
မေမေ့ကို မြင်စေ့ချင်လိုက်တာ.
မေမေ့ကို သဂြိုဟ်တဲ့နေ့မှာပဲ မေမေ့ရုပ်ကလာပ်ရှေ့မှာ သမီးတိုင်တည်သစ္စာပြုခဲ့တယ်
*ဖေဖေနဲ့မေမေတို့ဟာ မြန်မာနိုင်ငံတော်ကြီးအတွက် သေသည်အထိ ကောင်းကျိုးသယ်ပိုး
ဆောင်ရွက်ခဲ့ကြတယ်.*
ဒီတာဝန်ကို ကျေပြွန်အောင် သမီးဆက်လက်ထမ်းဆောင်ပါ့မယ်
သမီးသေသည်ထိပေါ့…

ငါ့ကိုလိုက်နှောင့်ယှက်နေတဲ့ အတားအဆီးတွေကြားထဲကပဲ ငါတို့ NLD ပါတီ
ရွေးကောက်ပွဲကို ခြွင်းချက်မရှိ အနိုင်ရခဲ့တယ်.
အရှက်မရှိလိုက်ကြတာလေ.
ငါတို့လွှတ်တော်အမတ်တွေကို လိုက်ဖမ်းတယ်
ရွေးကောက်ပွဲရလာဒ်ကို အကျုံးမ၀င်ပါဘူးလို့ ဗြောင်ငြင်းတယ်.
ငါ့ကိုလည်း အကျယ်ချုပ်ချခဲ့တယ်

အဲဒီကတည်းကပဲ ငါ့ကိုပြန်လွှတ်လိုက်၊ အကျယ်ချုပ်ပြန်ချလိုက်နဲ့
နိုင်ငံရေးကစားကွက်တွေ လှည့်ကစားခဲ့တယ်..
ငါ့အပေါ်ရက်စက်လိုက်ကြတာ.
ကိုယ်ချင်းမစာလိုက်ကြတာ
ပြောရက်လိုက်ကြတာ
သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြား၊ ရေဒီယိုတွေနဲ့ ငါ့နာမည်ကို ဖျက်ဆီးလိုက်ကြတာ
နိုင်ငံအပေါ်သစ္စာဖောက်သူတဲ့
လူမျိုးခြားနဲ့ အိမ်ထောင်ပြုသူတဲ့
ဒါတွေကို ငါတုံ့ပြန်မနေခဲ့ပါဘူး
ငါလုပ်စရာရှိတာတွေကိုပဲ အေးအေးဆေးဆေး မမှားရအောင် ငါလုပ်ခဲ့တယ်
ဒီလိုအချိန်တွေမှာ ငါ့အနေနဲ့ပိုပြီးတည်ငြိမ်ဖို့လိုတယ်လေ..

ငါ့ကိုနိုဘယ်လ်ဆုပေးတဲ့အကြောင်းကို ရှားရှားပါးပါးတောင်းဆိုထားရတဲ့
ရေဒီယိုအစုတ်လေးတစ်လုံးကတစ်ဆင့် ငါကြားသိခဲ့ရတယ်.
ငါ့သားကြီး အဲလက်စ်က အခမ်းအနားမှာ ငါ့ကိုယ်စား ကျေးဇူးတင်စကားပြောသတဲ့လေ..
မေမေဂုဏ်ယူပါတယ် သားကြီးရယ်…
မေမေ့အတွက်ရတဲ့ ဆုကြေးငွေကို Prospect Burma ဆိုတဲ့ NGO အဖွဲ့ဖွဲ့ပြီး
မြန်မာပြည်က ပညာတော်သင်ကျောင်းသားတွေကို ပံ့ပိုးကူညီနေတာ
ခုချိန်ထိပဲလေ.
မေမေက ကိုယ်ကျိုးရှာသူဟုတ်မဟုတ်ဆိုတာ သားတို့အသိဆုံးပါ
သားတို့ကို ပစ်ထားချင်လို့ ပစ်ထားတာမဟုတ်ရပါဘူး
သားတို့ကို သိပ်ချစ်တာပေါ့
သားတို့နဲ့ အတူတူသိပ်နေချင်တာပေါ့
ဒါပေမယ့်သားတို့ရယ်
သားတို့ကိုချစ်တဲ့အချစ်တွေထက် နိမ့်ကျနွမ်းပါးနေတဲ့ အဖိနှိပ်ခံ ပြည်သူလူထုကို
မေမေပိုချစ်မိတယ်.
ဒါကို သားတို့ခွင့်လွှတ်နားလည်ပေးကြပါနော်…
သားတို့အပေါ် ဂရုမစိုက်မိခဲ့တာတွေကို နောင်ဘ၀ဆိုတာတွေမှာ ပြန်ဆုံတွေ့ခဲ့ရင်
အတိုးချပြီး ပြန်ပေးဆပ်ပါမယ် သားတို့ရယ်…

*၂၀၀၃ ခုနှစ် မေလ ၃၀ ရက်*

ရက်စက်လိုက်ကြတာကွယ်
ရက်စက်လိုက်ကြတာ
မြင်ရကြားရတာ ယုံနိုင်စရာတောင်မရှိဘူး
သတ်ဟေ့သတ်ဟ
ချဟေ့ချဟ
ဆိုတဲ့ စစ်ဘီလူးရဲ့ ကြိုးဆွဲရုပ်တွေအောက်မှာ
*တိုင်းပြည်ရဲ့ အညွှန့်အဖူးလေးတွေ လွင့်ကြွေခဲ့ရရှာပြီ…*
အဲဒီညက ကောင်းကင်ပြာကြီးမှာတောင် သွေးရောင်တွေလွှမ်းနေခဲ့တယ်.
ရင်ထဲမှာ ဆို့နစ်လိုက်တာ ချစ်သားချစ်သမီးတို့ရယ်..
သားတို့သမီးတို့ ကောင်းရာသုဂတိလားနိုင်ကြပါစေ
ဒီလိုအဖြစ်ဆိုးမျိုးကို ဘယ်ဘ၀မှာမှ ထပ်မံ မကြုံတွေ့နိုင်ကြပါစေနဲ့တော့လို့
မေမေစု ဆုတောင်းပေးပါတယ်ကွယ်…
*ဒီပဲယင်းရဲ့ အကျည်းတန်ညတစ်ခုပေါ့…*

အချိန်တွေလည်း အတော်ကြာခဲ့ပြီလေ.
ပြည်သူလူထုပေါင်းများစွာလည်း အသက်ခန္ဒာစွန့်လွှတ်ခဲ့ရရှာပြီ
ငါ့ကို ပြန်လွှတ်ရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်မျှော်နေသူတွေလည်း
နွမ်းလျလှပါပြီ
*မျက်စိကိုမှိတ်၊ နားကိုပိတ်ပြီး တရားစီရင်ချင်သူတွေရဲ့ အတ္တများအောက်မှာ
အမှန်တရားက ကမ္ဘာကိုပတ်ဖို့ သူ့ဖိနပ်လေး လိုက်ရှာနေတုန်းပဲ*

နွေမိုးဆောင်းပေါင်းများစွာလည်း ငါ့ခြံဝင်းထဲမှာ ကျရောက်ခဲ့ပြီ
ငါ့ပါးပြင်ပေါ်မှာလည်း အရေးအကြောင်းတစ်ချို့ နေရာယူခဲ့ပြီ
ငါ့အသက်လည်း ၆၂ နှစ်ထဲရောက်ခဲ့ပြီ
ငါ့သားတွေလည်း အိမ်ထောင်ရက်သားကျသူကျနဲ့ အခြေကျကုန်ပြီ
ငါ့မှာတော့…
*ငါချစ်တဲ့ မြန်မာပြည်သူတွေကတော့…
ငါမြတ်နိုးတဲ့ မြန်မာပြည်ကတော့…
သံတိုင်တွေနောက်မှာ ငိုရှိုက်နေဆဲပဲလေ….*

ကုတင်တိုင်ကို လက်နဲ့ကိုင်ပြီး အားယူလို့ ငါထလိုက်တယ်
အပြင်မှာ နေခြည်တွေဖြာနေပြီနော်
ရေဒီယိုထဲက ဆုတောင်းသံတွေ တစ်သဲသဲနဲ့ ၀င်လာမစဲဖြစ်နေတယ်.
ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ.. ချမ်းသာပါစေ..
ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ.. ချမ်းသာပါစေ..
ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ.. ချမ်းသာပါစေ.. တဲ့..

ကျလုဆဲဆဲ မျက်ရည်တစ်ချို့ကို သိမ်းဆည်းလိုက်ပြီး
အခန်းပြတင်းကိုဖွင့်လိုက်တယ်.
ငါ့ကိုစောင့်ကြည့်နေရတဲ့ ရဲဘော်လေးတစ်ယောက်က ငါ့ကို အလန့်တကြားမော့ကြည့်တယ်.
မကြောက်ပါနဲ့သားရယ်
ငါ့ရဲ့ အေးမြတဲ့ အပြုံးအောက်မှာ ခက်ထန်တဲ့ သေနတ်ပြောင်းဝလေး တိုးလျှိုးလို့
ငါ့ကို ဦးညွှတ်တယ်.
သားစာဆက်ကျက်ပါကွယ်.. စိတ်ကိုအေးအေးသာထားပါ.

ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘယ်တော့မှ ထွက်ပြေးမယ့် မိန်းမစားမဟုတ်ပါဘူး
တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ အရိုးကြေကြေ၊ အရေခမ်းခမ်း အများအကျိုးအတွက်
အသက်နဲ့ ဘ၀ကိုပါ ပေးလှူထားတဲ့ အာဇာနည်မိန်းမပါ.
ဒီသစ္စာစကားမှန်ရင်
ငါချစ်တဲ့
*မြန်မာနိုင်ငံတော်ကြီး အမှောင်ကိုဖျောက်လို့ အလင်းနေ့သစ်များကို
ကြိုဆိုနိုင်ပါစေသား…*

ငါရှင်သန်နေဦးမှာပါ.
မသေမချင်းပေါ့…

နေရောင်ခြည်ရဲ့နှုတ်ဆက်မှုကို အသာတကြည်ခံယူပြီး
ဘုရားစင်ဖက်ကို လှမ်းလျှောက်ခဲ့တယ်.
*အရှင်ဘုရားရဲ့ မေတ္တာကရုဏာတော်အောက်မှာ
ဘုရားတပည့်တော်မ ငြိမ်းချမ်းရပါစေသား…
မြန်မာပြည်သူများ ငြိမ်းချမ်းကြပါစေသား…
ငိုရှိုက်သံများ ကွယ်ပျောက်ပါစေသား…
မတရားမှုများ ဖယ်ခွာနိုင်ပါစေသား…*

ကွယ်လွန်သူ ဖေဖေဦးအောင်ဆန်းနှင့် မေမေဒေါ်ခင်ကြည်..
ကျဆုံးလေပြီးသော အာဇာနည်အမျိုးကောင်းသား ရဟန်းရှင်လူများ…
အမျှအမျှအမျှ…..

*သာဓု..သာဓု..သာဓု……*

Friday, April 22, 2011

ရှစ်မွှာပူး မိခင်


Nadya Denise Doud-Suleman Gutierrez လို့ခေါ်တဲ့အမျိုးသမီးကို မီဒီယာလောကထဲမှာတော့ Octomom လို့လဲ တမျိုးတဖုန် သိကြပါသေးတယ်။ ထို အမေရိကန် အမျိုးသမီးဟာ ၂ဝဝ၉ ခုနှစ်ဇန်နဝါရီလ ၂၆ရက် က ယောက်ျားလေး ခြောက်ယောက်နှင့် မိန်းခလေးနှစ်ယောက် ရှစ်မွှာပူးကိုမွေးဖွားခဲ့သူဘဲဖြစ်ပါတယ်။ သူမဟာ လောလောဆယ်တော့ ကယ်လ်ဖိုးနီးယား မှာနေထိုင်ပါတယ်။ အမေရိကန်မှာ ရှစ်မွှာပူးမွေးဖွားပြီး ခလေးအားလုံးအသက်ရှင်ခဲ့တဲ့ ဒုတိယမြောက် မိခင်လည်းဖြစ်ပါတယ်။


နာမည်နဲ့ ခလေးတွေရဲ့ မွေးဖွားစ ကိုယ်အလေးချိန်တွေကတော့

* Noah Angel Solomon - ကျား ၂ ပေါင်နဲ့ရှစ်အောင်စ
* Isaiah Angel Solomon - ကျား ၃ ပေါင်နဲ့ ၁ အောင်စ
* Makai Angel Solomon - ကျား ၁ ပေါင်နဲ့ ၁၂ အောင်စ
* Maliyah Angel Solomon - မ ၂ ပေါင်နဲ့ ၂ အောင်စ
* Nariyah Angel Solomon - မ ၂ ပေါင်နဲ့ ၃ အောင်စ
* Josiah Angel Solomon - ကျား ၂ ပေါင်နဲ့ ၉ အောင်စ
* Jeremiah Angel Solomon - ကျား ၁ ပေါင်နဲ့ ၁၃ အောင်စ
* Jonah Angel Solomon - ကျား ၂ ပေါင်နဲ့ ၇ အောင်စတို့ဘဲဖြစ်ပါတယ်။


http://www.narinjara.com/detailsbur.asp?id=2215 မှကူးယူဖော်ပြသည်

ထူးထူးစမ်းစမ်း ဘုရားတကာ တစ်ဦးသေပြီးနောက် ဇီးကွက်ဘ၀ဖြင့် အိမ်တို့ လာလည်

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း တောင်တန်းနယ် ဘင်ဒရိုင်ဘင် ခရိုင် အင်းသုံးဆယ် ကျေးရွာတွင် ကျောင်းတကာတဦး သေဆုံးပြီးနောက် ဇီးကွက် (ဒေသအခေါ် ခေါင်တောက်) ဖြစ်သွားပြီး သူအား ရက်လည်ဆွမ်း ကုသိုလ် ကောင်းမူ ပြုလုပ်ရာသို့ လာရောက်လည် ပတ်သွားခဲ့သည်ဟု အဆိုပါ ကျေးရွာမှ ကျောင်းထိုင်ဆရာတော်က ပြောသည်။
“တော်တော်ကို ထူးဆန်းတဲ့ ဖြစ်ရပ်ပါ။ ရိုက်ယူထားလိုက်တဲ့ ဓါတ်ပုံတွေက ထူးဆန်းတဲ့ ဖြစ်ရပ်အတွက် သက်သေ အထောက်အထားတွေဘဲ ဖြစ်ပါတယ်။ သူတို့မိသားစုက ရက်လည် ဆွမ်းကျွေးတော့ ကျောင်းတကာကြီးက ဇီးကွက်ဘ၀နဲ့ ဘုန်းတော်ကြီးကျောင်းကို လာတယ်။ သူလှူဒါန်းထားခဲ့တဲ့ ကျောင်းက တိုင်မှ စနားတယ်။ ပီးရင် သူလှူဒါန်းထားခဲ့တဲ့ နာရီမှာနားတယ်။ နောက်ပီး သူလှူဒါန်းထားခဲ့တဲ့ လေပင်ကာပေါ်မှာ နားတယ်။ အဲဒီက ပျံသွားတယ်။ နောက်ဆုံး သူလှူဒါန်းထားခဲ့တဲ့ အုတ်နံရံပေါ်မှာ လာနားတယ်။ အဲသလို နားနေတဲ့ အချိန်က ကောင်းမူ စလုပ်တဲ့ ညနေ ၆ က စနားနေတာ ၂၄ နာရီပြည့်ပြီး နောက်တနေ့ညနေ ၆ နာရီမှ ပျံသွားတယ်၊ ပျံသွားတော့လည်း သူနေအိမ်ကို တန်းပြန်သွားတယ်။ သူ့အိမ်မှာ ၄ နာရီလောက်နေတယ်။ နောက်တော့ ဘယ်ပျံသွားမှန်း မသိဘူး။ ပျောက်သွားခဲ့ပါတယ်။”

ယခုကဲ့သို့ ကျောင်းတကာကြီး ဇီးကွက်ဘ၀ဖြင့် ဘုန်းတော်ကြီးကျောင်းတွင် ရက်လည်ဆွမ်း ကောင်းမူ ပြူလုပ်နေစဉ် လာရောက်လည်ပတ်ခြင်းကို လူပေါင်း ၆၀၀ နီးပါးခန့်က လာရောက်ကြည့်ရှုခဲ့ကြသည်။ အဆိုပါ ကြည့်ရှု့သူများထဲတွင် ငယှက်ကြီး၊ ကုရခါလီ၊ ဆောင်တူဝ ရွာကြီး၊ ရွာချေနှင့် အင်းသုံးဆယ်မှ ကျေးရွာသားများလည်း ပါဝင်သည်။
ယခုကဲသို့ ကျောင်းတကာကြီးမှ ဇီးကွက်ဘ၀ဖြင့် ကုသိုလ်ကောင်းမူ ပြုလုပ်ရာသို့ လာရောက်ကြည့်ရှု့ရခြင်း နောက်ကွယ်တွင် အကြောင်းခြင်းရာများ ရှိကြောင်းကို ဆရာတော်က ယခုကဲ့သို့ မိန့်ကြားသည်။

“ အဲဒီ ကျောင်းတကာကြီးနာမည်က ဦးမဲအောင်၊ အသက်က ၇၆ နှစ်ဖြစ်ပါတယ်။ သူမသေမှီ အသက်ထွက်လုလု အချိန်မှာ သူ့ရဲ့ သားသမီးတွေ အပါအ၀င် ဦးဇင်းကို ခေါ်ပြီးတော့ သူသေဆုံး သွားတဲ့အခါ ရက်လည်ဆွမ်းသွပ်ရင် သူတပါး အသက်တွေ ဖြစ်တဲ့ ၀က်သား၊ နွားသား၊ ကြက်သား စတာတွေနဲ့ ကောင်းမူ ကုသိုလ် မလုပ်ဘဲ သတ်သတ်လွတ် လုပ်ဖို့မှာခဲ့ပါတယ်။ သူမှာခဲ့တဲ့ အတိုင်း ကုသိုလ် ကောင်းမူ လုပ်မလုပ်ကို ရက်လည်ဆွမ်းသွပ်တဲ့ အခါ သူလာကြည့်မယ်ဆိုပီး မှာခဲ့ပါတယ်။ အဲဒီနောက် သူသေသွားတော့ ခုလို ဇီးကွက်ဘ၀နဲ့ ကောင်းမူ လုပ်တဲ့ နေ့က သူမှာတဲ့ အပေါ်မှာ သားသမီးတွေ လိုက်လုပ် မလုပ်ကို လာကြည့်တာ ဖြစ်ပါတယ်။ ဦးဇင်းကတော့ ခုလိုဘဲ ယုံကြည်ပါတယ်။ ထူးဆန်းတာက အဲဒီဇီးကွက်က လူလိုက်ထုတ်ရင်လည်း မသွားဘူး။ အနီးကပ်သွားပြီး ဓါတ်ပုံ သွားရိုက်ရင်လည်း ပျံမသွားဘူး။ ခုလို အဟိတ် တိရစ္ဆာန် တကောင်က လူတွေကို မကြောက်ဘဲ နေရဲတယ်ဆိုကတည်းက အဲဒီ အဖြစ်အပျက်က တော်တော့ကို ထူးဆန်းနေပြီ ဖြစ်ပါတယ်။”

သို့သော်လည်း အဆိုပါကောင်းမူ လုပ်သည့်နေ့က ဦးမဲအောင် ၏ သားသမီးများနှင့် ဆွေမျိုးများက သူမှာခဲ့သည့် စကားကို လိုက်နာခြင်း မရှိဘဲ ၀က်သားဟင်းဖြင့် ကုသိုလ် ကောင်းမူ ပြုလုပ်ခဲ့သည်ဟု သိရသည်။


http://www.narinjara.com/detailsbur.asp?id=2215 မှကူးယူဖော်ပြသည်

တောင်ပံပေါက်လာတဲ့ကြောင်

ထူးထူးဆန်းဆန်းအကြောင်းတွေ ရေးတော့လဲ ထူးဆန်းလွန်းလို့ မယုံတောင်မယုံခြင်တော့ဘူးဆို ပြောလာကြတော့လဲ ယုံပါလို့ မတိုက်တွန်းပါဘူး ကျွန်တော်လုပ်ကြံရေးနေတာမဟုတ်ပါဘူးဆိုတာတော့ အာမခံပါတယ်။ အခုလဲ ရေးမဲ့ ကြောင်ကနေ တောင်ပေါက်လာတယ်ဆိုရင်လည်း ယုံဖို့တော့မတိုက်တွန်းပါဘူး။ အားလုံးထမင်းစားကြီးလာတာဘဲ မဟုတ်လား။ ကိုယ်ဟာကိုယ် ယုံကြည့်ခြင်ယုံ မယုံခြင်ရင်လည်းမယုံနဲ့ human right လူတိုင်းမှာရှိပါတယ်။ တော်ပြီတော်ပြီ human right အကြောင်းဆက်မပြောတော့ဘူး တော်တော်ကြာ အီလက်ထရောနစ်ဥပဒေနဲ့ ကျောင်းတော်ကြီးသွားစာအံနေရလိမ့်မယ်..ဟဲဟဲ A Chinese Cat Has Grown Wings (မယုံရင် google search engine ထဲမှာ အဲ့ဒီ အင်္ဂလိပ်လို ရိုက်ပြီးရှာကြည့် ကြပေါ့ဗျာ) အော် ဒါနဲ့ အဲ့ဒီအတောင်ပံ ထွက်လာတဲ့ ကြောင်းက ကျွန်တော်သိရသလောက်တော့ တစ်ကောင်မကဘူး ဗျ..။ ပြောခြင်တာကတော့ ကျွန်တော်လှီလှယ်လုပ်ကြံရေးတာမဟုတ် ရပါဘူးဆိုတာကိုပါဘဲဗျာ။ ကျွန်တော့်စိတ်ထင် ဒီကိစ္စက ကြောင်တွေဟာ အမြင့်တွေမှာ ဟိုခုန် ဒီခုန်လုပ်ကြတဲ့ အတိုင်းဘဲ သဘာဝအလျှောက် အသွင်ပြောင်းလာ အတောင်ပံလိုထွက်လာ တာဘဲလားတော့မသိဘူး နောင်နှစ်ပေါင်း သိန်း၊ သန်း ကြာသွားရင်လည်း ပျံကောင်းပျံနိုင်မှာပေါ့ဗျာ


တရုတ်နိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ သူမွေးထားတဲ့ ကြောင်ဟာ အတောင်ပံပုံစံမျိုးထွက်လာကြောင်းကို Huashang သတင်းဌာနက ဖော်ပြခဲ့ပါတယ်။တရုတ်နိုင်ငံ Shaanxiခရိုင် Xianyang မြို့မှာနေထိုင်တဲ့ Granny Feng က ကျွန်မဟာ ရဲ့ကြောင်ဟာ အတောင်လိုပုံစံမျိုး လေးလက္မခန့်ရှိတဲ့ အရာမျိုး ဟာ ကြောင်ရဲ့ကျောဖက်မှာထွက်နေတာကိုတွေ့လိုက်ရပါတယ်။ ပထမအစကတော့ ကြောင်ရဲ့ကျောဖက်နားမှာ တစ်ခုခုနဲ့ စောင့်မိလို့ ဘုထွက်နေတယ်လို့ထင်ခဲ့တာပါ။ ဒါပေမဲ့အဲ့ဒီဘုဟာ တစ်ဖြေးဖြေးကြီးလာပြီး တစ်လအတွင်းမှာ အတောင်ပံလိုပုံစံမျိုးဖြစ်လာပါတော့တယ်လို့ ပြောပြပါတယ်။ အဲ့ဒီအတောင်ပံက အထဲ မှာအရိုးရှိပါတယ်။ ကျွန်မကြည့်ရတာ ကျွန်မကြောင်ဟာ နတ်ကြောင်ပျံနဲ့ဘဲတူပါတယ်။ ကျန်ခဲ့တဲ့ တစ်လလောက်က တော့ ကျွန်မကြောင်ဟာ ကြောင်မတော်တော်များများနဲ့ မိတ်လိုက်ပြီးနောက်ပိုင်းကတည်းက အခုလို အတောင်ပံထွက်လာတာဘဲ ဖြစ်ပါတယ်။ သူမရဲ့ကြောင်ကို ကြည့်ရတာတော့ ပုံမှန်အတိုင်းပါဘဲ ဆက်လက်ပြီး ကြောင်ပိုင်ရှင်က ပြောပြခဲ့ပါတယ်။ ဒီလို ကြောင်ကနေ အတောင်ထွက်လာတယ်ဆိုတဲ့သတင်းပေါင်း ၁၃၈ ခုရှိပြီး အဲ့ဒီအထဲမှာမှ အခုနှစ်ဆယ်လောက်က သာ ဓါတ်ပုံနဲ့ ဗီဒီယိုတွေနဲ့ ဖော်ပြနိုင်ခဲ့ပါတယ်။ အခုလိုကြောင်ကနေ အတောင်ပေါက်တဲ့ ကိစ္စကို သုတေသနပြုနေကြပြီဖြစ်ပါတယ်။ လူတွေအများစုကတော့ ဒီကိစ္စနဲ့ပါတ်သက်ပြီး ကြောင်တွေဟာ တိုးတက်ပြောင်းလဲ လာတာလို့မြင်ကြပါတယ်။ ကြောင်းပျံတာကြည့်ခြင်တဲ့လူတွေကလဲ မနည်းမနောပါဘဲ။

http://www.narinjara.com/detailsbur.asp?id=2215 မှကူးယူဖော်ပြသည်